“အသက်ငယ်ငယ်လေးနဲ့ ပြည်ပနိုင်ငံအထိ အောင်မြင်မှုတွေရရှိနေတဲ့ အနုပညာရှင်လေးများ”

Cele News

္ဘပရိသတ်ကြီး ဒီနေ့မှာတော့ အသက်အရွယ်နဲ့မလိုက်ဖက်လောက်အောင် အောင်မြင်မှုတွေရရှိနေတဲ့ အနုပညာလောကက ကလေးငယ်လေး(၃)ယောက်အကြောင်းကို ဖော်ပြပေးမပြဲဖြစ်ပါတယ်။

(၁) Isabell (ပုပု)

Isabell လေးကတော့ အသက်(၉)နှစ်သာ ရှိသေးတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံဂုဏ်ဆောင် အသက်အငယ်ဆုံး ရခိုင်တိုင်းရင်းသူ စူပါမော်ဒယ်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တရုတ်နိုင်ငံ Suzhouမှာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း (၄၅) နိုင်ငံက ပြိုင်ပွဲဝင်ပေါင်း (၁၂၈) ယောက်ပါဝင်ယှဉ်ပြိုင်ကြတဲ့ “C Plan Kids Supermodel 2019” ပွဲကြီးမှာ First Runner Up ဆုကြီးကို သိမ်းပိုက်လာနိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။ဒီဆုကြီးအပြင် ထိုင်းနိုင်ငံမှ Kid Boy မှ Winnerဆုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Kid girl မှ Second Runner Up ဆု၊ မွန်ဂိုလီးယားနိုင်ငံမှ Kid Girl မှ Best In Talent ဆုတို့ကို အသီးသီး ဆွတ်ခူးရရှိထားသေးတဲ့အပြင် Kids Fashion Week World Organization ရဲ့ ရွေးချယ်မှုနဲ့ (၂၀၁၉) ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအထိ ဟန်ဂေရီနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ World Kids Fashion Week (2019) ကိုလည်း တက်ရောက်လည်ပတ်ရန် အထူးရွေးချယ်ဖိတ်ကြားခြင်းခံခဲ့ရပါသေးတယ်။

(၂) ပြည့်ပြည့်

ပြည့်ပြည့်ကတော့ မြန်မာနိုင်ငံရုပ်ရှင်လောကမှာ ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ကမ္ဘာနှစ်ထပ်၊ဟစ်တိုင်၊လိပ်ပြာစံအိမ်၊ကြောက်ကြောက်ကြောက်(၂) စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၆)ရက်နေ့ စင်္ကာပူနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ “Asian Academy Creative Awards” ဆုပေးပွဲကြီးမှာ နိုင်ငံပေါင်း(၉)နိုင်ငံက ထိပ်တန်းသရုပ်ဆောင်တွေကို ကျော်ဖြတ်ပြီး “Best Actress In A Supporting Role” ဆုကြီးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ပြည့်ပြည့်ဟာဆိုရင် အသက်အရွယ်အားဖြင့် (၁၀)နှစ်ခန့်သာရှိသေးပေမဲ့ သရုပ်ဆောင်ပိုင်းမှာ တော်တော်လေးကိုထူးချွန်ပိုင်နိုင်တာကြောင့် အနာဂတ်မှာထွန်းတောက်လာမည့်မျိုးဆက်သစ်အနုပညာကြယ်တစ်ပွင့်လို့တောင် ဆိုရမှာပါ။

(၃) နော်မာသာထူးဝါး

နော်မာသာထူးဝါးကတော့ “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းလေးနဲ့ ကိုရီးယားနိုင်ငံ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း ပါဝင်ဖျော်ဖြေ တင်ဆက်ခွင့်ရခဲ့တဲ့ အထိကိုအောင်မြင်မှုတွေရရှိထားတဲ့ ကရင်လူမျိုးကလေးအဆိုတော်တစ်ယောက်ပါ။ဒါ့အပြင် ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ MAMF ( Migrant’s Arirang Multicultural Festival 2019) နိုင်ငံတကာသီချင်းဆိုပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် final အဆင့်ထိသို့ တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ KBS ရုပ်သံလိုင်းမှ ဖျော်ဖြေတင်ဆက်တဲ့ KBS ကလေး အစီအစဉ်မှာ ပါဝင်တင်ဆက်ရင်း Winner ဆုကြီးကို ဆွတ်ခူးထားပါသေးတယ်။