မနေ့ည Myanmar Idol အစီအစဉ်တွင် ပြိုင်ပွဲဝင်များသီဆိုမည့် ရန်ကင်းသားအဆိုတော် စိုးလွင်လွင်ဆိုသည်မှာ

Cele News

၁၉၇၉-၈၀ တဝိုက်ငါးလုံးတန်းဘက်ပိုက်လုံး ပေါ်မှာညဘက်ဂစ်တာအတီးကောင်းတဲ့ သူတယောက်မကြာခဏရောက်လာ တတ်တာသတိထားမိတယ်၊နောက်မှ သိရတာ ၁၂ လုံးတန်းကတဲ့၊ မိုးဖွဲဖွဲမှာဂီတာကိုရင်မှာပိုက် ပုဆိုးခြုံနဲ့ ပိုက်လုံးပေါ်ခပ်သွက်သွက်လျှောက်သွားပြီး သီချင်းအော်ဆိုသွားတဲ့လူတယောက်ကို ညပိုင်းတွေ့မိလိုက်တယ်၊သိတဲ့သူငယ်ချင်း တစ်ယောက်က….အဲဒါ … ပိုပို … ၁၂ လုံးတန်းက…….တဲ့၊

၁၉၈၄ ခုနှစ်က “ ချစ်လူမိုက် ” အမည် ပေးထားတဲ့တေးစီးရီးစ်ထုတ်ခဲ့ပြီး “ ငယ်သူမို့ ” သီချင်းအပါအဝင်တခွေလုံး နီးပါးပေါက်ခဲ့တယ်၊အဆိုတော်စိုးလွင်လွင်.. ၁၂ လုံးတန်းက….တဲ့၊စိုးလွင်လွင်နာမည်ကို ထပ်ကြားဖူးတာပါ၊ ၁၉၈၅ ငါးလုံးတန်းမှာစတိတ်ရှိုးတီးကြ တော့ သီချင်းဆိုပေးဖို့ စိုးလွင်လွင်ကိုသိတဲ့ သူအချို့နဲ့အကူအညီသွားတောင်းဘူးတယ်၊ အဲ့တုန်းကစိုးလွင်လွင်ကငါးလုံးတန်း စာကြည့်တိုက်နားလမ်းထဲနှစ်ထပ် အောက်ခန်းမှာနေတာ၊ မီးလုံးမှိန်မှိန်ဧည့်ခန်းထဲမှာစိုးလွင်လွင်နဲ့ ညဦးပိုင်းတွေ့တယ်၊ဆံပင်တိုတို၊စွတ်ကြယ် လက်ပြတ်နဲ့ပုဆိုးနဲ့၊ရုပ်ဖြောင့်ဖြောင့်၊ ဧည့်ခန်းထဲကကျွန်းဘီဒိုဟောင်းတလုံး ပေါ်မှာဂစ်တာထည့်တဲ့သားရည်အိတ် အနက်တလုံးဘေးစောင်းလှဲထားတယ်၊

ကျွန်တော်ရပ်ကွက်နဲ့ Clash ဖြစ်မှာ စိုးတယ်သူကတိုးတိုးညင်သာပြောတယ်၊ သူ့ဘယ်ဘက်လက်ချောင်းလေးတွေက ဂစ်တာကော့ဒ်ကိုင်နေသလို အထက်အောက်လှုပ်ရှားနေကြတယ်၊ အနုပညာသမားဖြစ်လို့လူကပျော့ပြောင်းပြီး ယဉ်ကျေးတဲ့အမူအယာရှိတယ်၊ နောက်ပိုင်းအဆိုတော်စိုးလွင်လွင်ရဲ့ သီချင်းတွေကိုနေရာတိုင်းမှာကြားနေရပြီ၊ ၁၉၈၈ အရေးတော်ပုံမဖြစ်ခင်အထိ ဆံပင်စုတ်ဖွားနဲ့ဆေးပေါ့လိပ်ခဲထားတဲ့ စိုးလွင်လွင်ကိုရန်ကင်းမှာမကြာခဏ တွေ့ရတတ်တယ်၊သူ့အတွေးနဲ့သူပျော်မွှေ့ နေပြီးဘဝကိုသူအဆင်ပြေသလိုဖြတ်သန်း နေတဲ့ကိုယ်ပိုင်သံစဉ်နာမည်ကြီးအဆိုတော် တစ်ယောက်၊ ၁၉၉၅ ကျွန်တော်အလုပ်လုပ်တဲ့ကုမ္ပဏီမှာ လူအချို့ကိုအလုပ်ခန့်ဖို့အင်တာဗျုးရပါတယ်၊

လူတယောက် CV ကိုကြည့်လိုက်တော့ ရန်ကင်းဆိုတော့စိတ်ဝင်စားမိသွားတယ်၊ အရပ်ရှည်ရှည်မျက်ခုံးကောင်းကောင်း လူငယ်တယောက်အခန်းထဲဝင်လာတယ်၊ နာမည်ကမိုးသွင်သွင်၊အဆိုတော်စိုးလွင်လွင် ညီတဲ့၊ကျွန်တော်ဘာမှမေးမနေတော့ဘူး၊ မိုးသွင်သွင်ကိုအလုပ်ခန့်ပေးဖို့ထောက်ခံ လိုက်တယ်၊သူ့အကိုစိုးလွင်လွင်ကိုလေးစား တာရယ်၊ရန်ကင်းသားခြင်းရယ်ဖြစ်နေလို့ပါ၊

ရန်ကင်းသားအဆိုတော်စိုးလွင်လွင်ကို ၁၉၆၂ စက်တင်ဘာမွေးဖွားခဲ့တယ်၊ အိမ်နာမည်ပိုပိုလို့ခေါ်တဲ့စိုးလွင်လွင်ဟာ ၁၉၈၀ မှာစတီရီယိုတေးဂီတလောက ထဲခြေချခဲ့တယ်၊နာမည်ကြီးအဆိုတော် ဖြစ်ကြတဲ့ကိုင်ဇာ၊လွှမ်းမိုးနဲ့မောင်ဂဠုန် အတွက်နာမည်ကျော်တေးသီချင်းများစွာ သူရေးဖွဲ့ပေးခဲ့တယ်၊ စိုးလွင်လွင်ထုတ်ဝေခဲ့တဲ့တေးစီးရီးအယ်ဘမ် ၂၈ ခုလုံးကိုသူ့ပရိတ်သက်များအရမ်း အားပေးခဲ့တယ်၊စိုးလွင်လွင်ဖန်တီးခဲ့တဲ့ အနုပညာလက်ရာများကို Alternative နဲ့ Andie အမျိုးအစားလို့ဂီတပညာရှင်များ သတ်မှတ်ထားပါတယ်၊ စိုးလွင်လွင်ခံစားသီဆိုထားတဲ့သီချင်းများစွာ ထဲမှာအကြိုက်ဆုံးလေးပုဒ်ရှိပါတယ်၊ ဒီနေ့အထိလည်းမကြာခဏပြန်နားထောင် ဖြစ်ပါတယ်၊

ရန်ကင်းသားတေးရေးညီညီစံရေးဖွဲ့ ထားတဲ့ (ကိုယ်ချစ်)……. စာသားကိုလတ်(မြန်မာစာ)သီကုံးပြီး သံစဉ်စာသားစိုးလွင်လွင်ရေးဖွဲ့သီဆိုထားတဲ့ ( ကိုယ်ချင်းစာနာခဲ့ရပြီ ) … ရန်ကင်းသားတေးရေးညီညီစံရေးဖွဲ့တဲ့ ( ဂန္တဝင်ဆည်းဆာ) နဲ့…….. ရန်ကင်းသားအဆိုတော်ကိုင်ဇာ ရေးဖွဲ့တဲ့ (မောင့်မျက်ရည်ဝိုင်း) သီချင်း တွေပါ၊

ဒိပြင့်သီချင်းကောင်းတွေ အများကြီးရှိသေးပေမယ့်အခုလေးပုဒ်ကို အတော်ကြိုက်ပါတယ်၊မောင့်မျက်ရည်ဝိုင်း ကို ရန်ကင်းသားအဆိုတော်အောင်ခိုင်မော် သီဆိုခဲ့ပါသေးတယ်၊ ရန်ကင်းသားအဆိုတော်စိုးလွင်လွင်ဟာ ၁၉၉၉ ဇူလိုင်လမှာကွယ်လွန်ခဲ့ပါတယ်၊ မိသားစုရန်ကင်းမှာကျန်ခဲ့တယ်ကြားမိပါတယ်၊ ပရိတ်သတ်လက်ခံတဲ့အနုပညာရှင်ဟာ လူသေပေမယ့်နာမည်မသေပါဘူး